Why do we upgrade?
- yethawpro7
- Oct 31, 2020
- 3 min read
Why do we upgrade?
ဒီစာဖတ်ပြီးတစ်ခုခုအကျိုးရှိသွားတယ်ဆိုရင် share ပေးရကျိုးနပ်ပါတယ်ဗျာ . . .
သူတို့ဘာမှားခဲ့လို့လဲ ?
၁ ။ သူ့နာမည်က ဦးစိုး ၊အသက်က ၅၀ ကျော်နေပြီ။ သူက ရပ်ကွက်စျေးလေးတခုမှာနေတယ် ။ သူ့အလုပ်အကိုင်က နာရီပြင်တယ် ။ သူကနာရီပြင်တာတော်တယ် ။ သူကိုယ်တိုင်လည်း ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ် ။ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကတည်းက နာရီပြင်လာတဲ့ နာရီပြင်ဆရာ ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်တုန်းက လူတိုင်းလိုလို နာရီပတ်တုန်းက သူလုပ်ငန်း တော်တော်ကောင်းခဲ့တယ် ။ တနေ့တနေ့ သူ့ ဝင်ငွေမနည်း ။ အခုတော့သူက ညည်းရှာတယ် ။
" အခုနောက်ပိုင်းခေတ်တွေရောက်လာတော့ နာရီပြင်တဲ့ အလုပ်တွေမကောင်းတော့ဘူးကွာ ။ ဖုန်းတွေပေါ်လာပြီး နောက်ပိုင်း နာရီပတ်တဲ့ သူတွေတော်တော်ရှားလာတယ် ငါ့တူရ ဒီအလုပ်မလုပ်ဘဲ အခြားအလုပ်ပြောင်းလုပ်ဖို့ကလည်း အသက်အရွယ်က ရလာတာရယ် ။ အခြားဘာမှ မလုပ်တတ်တာရယ်နဲ့ ဒီအလုပ်လေးပဲ လုပ်နေရတယ် "
၂ ။ သူ့နာမည်က ဒေါ်တင့် ။ သူက အိမ်မှာ တနိုင် တပိုင် စက်ချုပ်တယ် ။ အသက် ၂၀ လောက်ကတည်းက စက်ချုပ်ခဲ့တဲ့ ဒေါ်တင့် အခု အသက်ပဲ ၄၀ ကျော် ၅၀ နားကပ်နေပြီ ။ ဒေါ်တင့် စက်ချုပ်သက်တမ်း ကိုယ့်ဘာသာ ကိုယ်ပဲ မှန်းကြည့်ပေတော့ ။ ဒေါ်တင့်စက်ချုပ်လုပ်ငန်းလေးက အရမ်းမအောင်မြင်သော်လည်း သူ့အရပ်နဲ့ သူ့ဇာတ် ချုပ်ထည်များလက်ခံရတာမို့ စားလောက်ရုံသောက်လောက်ရုံ အဆင်ပြေပြေတော့ နေနိုင်တယ်ပေါ့ ။
သူ့ဆီအပ်တဲ့ အပ်သူတွေရဲ့ ဖောက်သည်တွေက နာမည်ကြီး ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေ အဆင်တွေ ချုပ်ပုံ ချုပ်နည်း အသစ်အဆန်းတွေ ဒေါ်တင့်ဆီယူလာပြီး ပြရင် ဒေါ်တင့်က " ဒီ ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေက ငါတို့ ချုပ်တာတွေနဲ့ ဘာမှ မထူးပါဘူးအေ ၊ ငါတို့ချုပ်တာတွေနဲ့ တူတူပါပဲ ။ ငါ အသက် ၂၀ ကတည်းက ဒီပုံပဲချုပ်လာတာ ။ သူတို့ပုံတွေ ဒီဇိုင်းတွေက ဒါတွေပါပဲ အေ " လို့ ဒေါ်တင့်အမြဲပြောတတ်လေသည် ။ ဒေါ်တင့် အနှစ် ၂၀ ကျော် ၃၀ ကျော် ချုပ်လာတဲ့ ဒီဇိုင်းတွေက တခါလာလည်း ဒီပုံ တခါလာလည်း ဒီပုံတွေကြီးပဲလို့ အရပ်ထဲတော့ ပြောစမတ်ရှိကြလေသတတ် ။
၃ ။ သူ့နာမည်က ကိုအောင် ။ သူက တီဗွီပြင်ဆရာ ။ သူပြင်တဲ့ တီဗွီတွေက ဟိုးအရင် ခေတ်ဟောင်းတီဗွီ Tube Type ဖင်အလုံးကြီးတွေနဲ့ တီဗွီတွေပြင်တဲ့ ပြင်ဆရာ ။ သူတို့ခေတ်မှာတော့ သူက နာမည်ကြီး တီဗွီပြင်ဆရာကြီး ပေါ့ ။ သူ့ခေတ်သူ့အခါ သူ့တီဗွီပြင်ဆိုင်က နာမည်ကြီး ။သူ့ဆိုင် သူ့အလုပ်ကလည်း ဝင်ငွေကောင်း တဲ့ အလုပ်တခုပေါ့ ။
ဒီလိုနဲ့ တဖြည်းဖြည်း ခေတ်တွေပြောင်းပြီး Tube Type ကနေ LCD တီဗွီတွေများလာတော့ သူ့အလုပ်အကိုင်သိပ်မကောင်းတော့ ။ LCD တီဗွီတွေ စပေါ်စ LCD တီဗွီပြင်နည်းသင်တန်းတွေ ဖွင့်တယ် ဆိုတာကို ကိုအောင်ကြားတော့ " အလကားပါကွာ ၊ LCD TV ဆိုတာ လူတိုင်းဝယ်နိုင်တာမဟုတ်ဘူး ဘာသင်တန်းမှ တက်နေစရာမလိုဘူး၊ ဒီခေတ်ဟောင်းတီဗွီတွေ ရှိနေသ၍ ကိုအောင် ထမင်းမငတ်ဘူးဟေ့ " လို့ ကိုအောင် ကျွေးကြော်နေခဲ့။
အခု ကိုအောင် အတတ်ပညာနဲ့ ထမင်းတော့ မငတ်ပါ ။ ဒါပေမယ့် အရင် ဝင်ငွေ မျိုးတော့ ကိုအောင် ရအောင်မရှာနိုင်တော့ ။ ကိုအောင် ဝင်ငွေ တဖြည်းဖြည်း ခမ်းသထက်ခမ်းလာလေပြီ ။
၄ ။ သူ့နာမည်က ကိုညို ။ သူ့အလုပ်အကိုင်က ကားစက်ပြင်ဆရာ ။
" ငါက ဟိုး လေးဘီးကားခေတ်ကတည်းက ကားစပြင်လာတာကွ " လို့ ကိုညို အမြဲပြောတတ်သည် ။" ဒီနေရာ ဒီဆိုင်မှာ ဟိုးအရင်ကဆို ကားတွေအပြည့်ကွ " လို့ သူတဆက်တည်းပြောတတ်သေးသည် ။ သူ့ မျက်လုံးထဲမှာလည်း ဟိုးအရင်ရွှေထီးဆောင်းခဲ့ချိန်ကို ပြန်လည်တမ်းတမိနေသလိုလို ။
အခု ဟိုးရှေးရိုးကားတွေ ရှေးရိုး အင်ဂျင်တွေကနေ EFI စနစ် ၊ Computerize စနစ် OBD စနစ်တွေ Electronic Wiring စနစ်တွေ ပြောင်းသွားချိန် သူအလုပ်ရုံလေးမှာ ကားလာပြင်သူတွေ သိပ်မလာတော့ ။ နောက်ပိုင်းစနစ်တွေ သူ မနိုင်နင်းမှန်း Customer တွေက သိသည်လေ ။ သူကလည်း ပြောတတ်သည် " ဒီကားစနစ်တွေ ဒီလောက်ထိပြောင်းသွားမယ်လို့ ငါဘယ်တုန်းကမှ မထင်ဘူးကွ "
၅ ။ သူနာမည်က ကိုလှ ။ သူအလုပ်က ဓာတ်ပုံဆရာ ။ သူကျင်လည်ကျက်စားရာက ဘုရားပေါ်မှာ ။ ဘုရားပေါ်မှာ အလှဓာတ်ပုံရိုက်သည့် အလုပ်ကို ကိုလှ လူပျိုပေါက် ဘဝကတည်းကလုပ်သည် ။ ကိုလှတို့ လူပျိုပေါက်တုန်းက ဘုရားပေါ် ဓာတ်ပုံရိုက်သည့် အလုပ်က ကိုလှတို့အတွက် မဆိုး ။
ခုနောက်ပိုင်းမှာ ဖုန်းကင်မရာတွေ ပေါ်လာပြီးနောက်ပိုင်း ကိုလှတို့ အလုပ်အကိုင်သိပ်မကောင်း ။ ဘုရားပေါ် ဓာတ်ပုံရိုက်ပေးမယ် ခုရိုက်ခုရသည် လို့ ဆယ်ယောက်ကိုခေါ်လို့ လူတယောက်ဓာတ်ပုံလာမရိုက်တော့ ။
အမှတ်တရဓာတ်ပုံရိုက်တာလောက်တော့ လူတိုင်းလက်ထဲက တန်ဖိုးနည်း တန်ဖိုးကြီး Andorid ဖုန်းလေးကိုယ်စီနဲ့ အလုပ်ဖြစ်နေကြလေပြီ ။
ကိုလှ ငယ်စဉ်က ဓာတ်ပုံရိုက်နေတုန်းကတည်းက ထမင်းစားရတော်ပြီ ပိုက်ဆံရတော်ပြီ ဘုရားကိုလူတွေ လာနေသမျှ ငါတော့ အလုပ်ကောင်းမှာပဲဆိုတာမျိုး ကိုလှအမြဲတွေးသည် ။ အခြားခြားသော အသစ်သစ်သော ဓာတ်ပုံရိုက်နည်းပညာတွေ ဘာတွေကိုလှ စိတ်မဝင်စားခဲ့ ။ ခုတော့ ကိုလှရဲ့ အမှတ်တရ အမြန်ရဓာတ်ပုံလုပ်ငန်း ဘုရားပေါ်မှာ သိပ်အလုပ်မဖြစ်တော့ ။
၆။ သူ့နာမည် က ဦးဆောင် ။ သူက စားသောက်ဆိုင်ပိုင်ရှင်။ သူဟာ သက်တမ်း အကြာဆုံး စားသောက်ကုန်လုပ်ငန်းမှာရပ်တည်ခဲ့တယ်။အကြောင်းက သူ့ရဲ့ signature ဟင်းပွဲဦးဆောင် မိုးပျံခေါက်ဆွဲ နဲ့ နာမည်ကြီးခဲ့တယ်။ သူ့သက်တမ်းတလျှောက် သူ့လက်ရာက လုံးဝမပျက်အောင် ထိမ်းနိုင်ခဲ့တဲ့သူပါ။ ဒါပေမယ့် သူက ခေါင်းမာတဲ့လူစာမျိုး ဘာ marketing မှ လုပ်စရာမလိုပဲ သူ့ဆိုင်ရဲ့ ရောင်းအားက သူ့လက်ရာနဲ့ထိမ်းနိူင်တယ်လိူ့ အမြဲ ဂုဏ်ယူပြီးပြောနေတဲ့လူစာမျိုး။
နောက်တော့ သတိထားမိလာတာက ဦးဆောင် ဆိုင် လူတဖြည်းဖြည်းပါးလာတယ်။ ပုံမှန်ဝယ်စားနေကြဖောက်သည်တွေတောင် အခြားက မှာစားလာကြတယ်။ အကြောင်း က delivery ကြောင့်ကော social media ကြောင့်လဲပါတာပေါ့။ အခုနောက်ပိုင်းလူတွေဟာ အရသာထက် အပေါ်ယံ အမြင်နဲ့ ခံစားမှုကို ပိုအလေးထားလာကြတယ်။ promotion မရှိတောင် customer care ကို အလေးထားလာကြတယ်။
နောက်တော့ ဦးဆောင် တဖြည်းဖြည်း ရောင်းအားကျလာပြီး ဆိုင်ရပ်တည်ဖိူ့တောင်ခက်ခဲလာခဲ့ရတယ်။ဒါတွေဟာ ဘာကြောင့်လဲ?
ဘဝကို Upgrade မြှင့်ပါ . . . . .
အပေါ်မှာ ပြောထားတဲ့ လူတွေ ဘာတွေ မှားနေသလဲ ။ သူတို့ သူတို့အလုပ်အကိုင်တွေကို ပုံမှန်လုပ်နေကြတာပဲ ။ ဒါပေမယ့် မအောင်မြင်ဘဲ ဘာကြောင့် ဆုတ်ယုတ်သွားသလဲ ။ သူတို့အလုပ်အကိုင်တွေ အသက်အရွယ်တွေ ကျားမတွေသာ မတူတာ သူတို့မအောင်မြင်ရခြင်း သူများနောက်မှာ ကျန်နေခဲ့ရခြင်း အကြောင်းအရင်းကတော့ တခုတည်းပဲ ။
အဓိက အကြောင်းက ကိုယ်နေရာတခုကို ရောက်သွားတာနဲ့ တစ်ဘဝလုံးစာ Perfect ဖြစ်ပြီ ဆိုပြီး ကိုယ့်ကိုကိုယ် Upgrade လုပ်ဖို့ မေ့မျောသွားလို့ ပါပဲ ။
ကျနော်တို့ ပတ်ဝန်းကျင်မှာ အဲ့လိုလူတွေ အများကြီးပဲ ။ ကျွန်တော်တို့လူငယ်လေးတွေဆိုလည်း ဂိမ်းထဲမှာသာ ကိုယ့် ဂိမ်းဇာတ်ကောင်တွေ ၊ ကိုယ့်တပ်ဖွဲ့တွေကို အသဲအသန် Upgrade လုပ်နေကြတာ ၊ အပြင်မှာ ဘဝကို အမြဲ Upgrade လုပ်ရမယ်ဆိုတာ မေ့နေကြတယ် ။
နေရာတခုရထားပြီး ဆရာဝန်တွေ အင်ဂျင်နီယာတွေ က စလို့ ဟိုးအောက်ခြေဝန်ထမ်းတွေအထိ နေရာလေးတခု မှာ ခိုင်မြဲနေပြီ ပုံမှန်ဝင်ငွေလေးရနေပြီ ဘဝလေးက အိုကေစိုပြေနေပြီဆို ကိုယ့်ကိုကိုယ် Upgrade လုပ်ဖို့မေ့သွားကြတယ် ။
ဒီအလုပ်က ငွေရနေပြီပဲကွာ ၊ငါတော့ အေးဆေးပါပဲ ဒီအလုပ်ကနေ ငွေ အမြဲဝင်နေမှာပဲ ။ ဒီရာထူးက အမြဲမြဲနေမှာပဲ ။ ဒီပညာသာတတ် တသက်လုံးထမင်းမငတ်ဘူး ။ အလုပ်က ပင်ပန်းတယ် ကျန်တာတွေ ဆက်လေ့လာဖို့ အချိန်မရှိဘူးဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုကိုယ်ရောက်တဲ့ နေရာလေးမှာ ရပ်တန့်ပစ်လိုက်ကြတယ် ။
အဲ့လိုရပ်တန့်နေတဲ့ သူတွေက ခေတ်နဲ့ ဘယ်လောက်ကွာသွားတယ်ဆိုတာ တစ်နှစ် မသိသာသေးဘူး ။ ၂ နှစ် မသိသာသေးဘူး ။ ၁၀ နှစ် ၂၀ နှစ်တွေလဲရောက်ရော? ။
ဒါတွေ ငါလိုက်မမီတော့ဘူး ။ ငါမလုပ်တတ်တော့ဘူး ။ နောက်ကလေးတွေ လုပ်ရမယ့်အရာတွေပါကွာ ငါတို့တွေ လေ့လာလို့မရတော့ဘူး ။ ဆိုတာတွေဖြစ်ပြီး အကုန်ကွာဟသွားတော့တာပါပဲ ။
အဓိက အကြောင်းရင်းက ကျနော်တို့ မြန်မာနိုင်ငံမှာသာ တစ်နေ့နဲ့ တစ်နေ့ ထင်သလောက်မတိုးတက်လို့ အရမ်းမကွာဟဘူးထင်နေရတာ ။ သူများနိုင်ငံတွေမှာက Challenge of Technology Age ဆိုသလိုပဲ ။
နေ့တိုင်း နေ့တိုင်း တစ်ယောက်နဲ့ တယောက် ။ Company တစ်ခုနဲ့ တစ်ခု အသည်းအသန် ပြိုင်ဆိုင် ယှဉ်ပြိုင်နေရတာ ။
ဒီနေ့ ဒီ Company က နည်းပညာအသစ်တခု ထုတ်နိုင်ချိန် နောက် Company တခုက ဘာမှ မလုပ်နိုင်ရင် စျေးကွက်ထဲမှာ နောက်ကျကျန်နေခဲ့မှာပဲ ။
ဟိုးအရင်က ဖုန်းထဲမှာနာမည်ကြီး Nokia ဖုန်းကုမ္ပဏီကြီးဆို Andorid တွေ ပေါ်လာချိန် နည်းပညာနောက်ကျပြီး စျေးကွက်မှာ နောက်ကောက်ကျသွားရတာမျိုးဟာ အခုပြောတဲ့ အတိုုင်း Upgrade လုပ်ဖို့ နောက်ကျကျန်နေခဲ့လိုပါပဲ ။
အခု ကမ္ဘာပေါ်မှာ နည်းပညာအဖွဲ့အစည်းကြီးတွေ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေ ထိပ်တန်းအမြဲရောက်နေရခြင်း အကြောင်းရင်းကလည်း နေ့တိုင်း အချိန်တိုင်း စက္ကန့်တိုင်း Upgrade ဖြစ်အောင် အမြဲမြှင့်နေလို့ ကြိုးစားနေလို့ ရှာဖွေနေလို့ လေ့လာနေလို့ပါပဲ ။
မြန်မာနိုင်ငံမှာတော့ ပိုက်ဆံရှာတာက အဓိက ကျပြီး လုပ်ငန်းတခုက ပုံမှန်ဝင်ငွေလေး နှစ်ပဲခြောက်ပြားလောက်ရပြီဆို ပြီးပြည့်စုံသွားပြီယူဆပြီး ကိုယ့်ကိုကိုယ်ရပ်တန့်လိုက်ကြတာမျိုးကိုးဗျ ။
ဒါကြောင့်လည်း သူများနိုင်ငံတွေက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်ကမှ Transistor ဆိုတဲ့ အီလက်ထရောနစ်ပစ္စည်း စပေါ်လာပြီး ခုတော့ ကမ္ဘာ့အပြင်ဖက်တောင် လူမပါဘဲ လွှတ်ကုန်ကြပြီ ။
ကျတော့်မိတ်ဆွေလည်း ဒီစာကိုဖတ်နေတဲ့ အချိန် ကိုယ့်ကိုယ်ကို ပြန်ကြည့် ကိုယ့်အခြေအနေကိုယ်တွေးကြည့် နေ့တိုင်း နေ့တိုင်း ဘာတွေ Upgrade ဖြစ်လာသလဲ ။
ကိုယ့်အလုပ်အကိုင်လေးမှာ ပိုက်ဆံလေးရရင် ဝင်ငွေလေးရရင်တော်ပြီဆိုပြီး ကိုယ့်ကိုကိုယ် Upgrade မြှင့်ဖို့ ခင်ဗျားမေ့နေရင် ဘာကိုမှ ဆက်လက်လေ့လာဖို့ ဆည်းပူးဖို့ သင်ယူဖို့ မေ့လျော့နေတယ်ဆိုရင်တော့ နောင် ဆယ်စုနှစ်ကျော်ကျော်မှာ ခင်ဗျားသူများနောက်မှာကျန်ကို ကျန်နေခဲ့လိမ့်မယ်လို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်ဗျာ ။
ရပ်နေသူနဲ့ လှမ်းနေသူ ၊ လှမ်းနေသူနဲ့ ပြေးနေသူ ဘယ်သူက ခရီးပိုရောက်မလဲ ဘယ်သူက နောက်ကျ ကျန်နေခဲ့မလဲဗျာ ။
ဘဝမှာ မှားတာမလုပ်တိုင်း အောင်မြင်တာမဟုတ် ၊ မှန်တာတွေကို လုပ်ဖို့ လိုနေရင်လည်း အမြင့်ဆုံးအောင်မြင်မှုကိုဘယ်တော့မှရမယ်မဟုတ်ပါဘူး။
( အပေါ်က အလုပ်အကိုင်တွေနဲ့ နာမည်တွေက မျက်စိရှေ့ ပတ်ဝန်းကျင်ရှေ့မြင်ရကြားရတာတွေကို စိတ်ကူးနဲ့ရေးထားတာပါ ။ သူတပါးအလုပ်အကိုင်တွေကို စော်ကားလိုစိတ် အလျဉ်းမရှိတာမို့ တိုက်ဆိုင်မှုများရှိရင် နားလည်ပေးစေလိုကြောင်းပါ )
ဒီလို Upgrade လုပ်တဲ့အခါမှာလည်း ရင်းရတယ်ကုန်ရတယ် ဗားရှင်းမြှင့်ရမယ်လေ ဒီတော့ မရင်းပဲ မကုန်ပဲ မမြတ်ဘူးပေါ့ဗျာ . . . .

Comments